တောင်ကျချောင်းရေကြောင့် မနေ့ကစပြီး ပူတာအိုမှာ ကျေးရွာအချို့ ရေကြီးနေ ပူတာအို၊ စက်တင်ဘာ ၁၀ မိုးများပြီး တောင်ကျချောင်းရေကြီးမှုကြောင့် မနေ့ကစလို့ ပူတာအိုမှာ ကျေးရွာအချို့ ရေကြီးမှုဒဏ်ခံနေရတယ်လို့ ပူတာအို ဒေသခံ တွေထံကနေသိရပါတယ်။ ပူတာအို အထက်ပိုင်း မှာရှိတဲ့ ကျေးရွာ ၁၀ရွာလောက်မှာ အဓိကခံစားနေရတာဖြစ်တယ်လို့ ရေကြီးမှုဒဏ်ခံစားနေရတဲ့ ကျေးရွာတွေထံရောက်နေတဲ့ ဒေသခံ ဦးအောင်ခမ်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ "ကွက်ကျားကွက်ကျားဖြစ်တာပါ။ ဒီမှာက ချောင်းအသေးတွေတော်တော်များတယ်။ တောင်ကျချောင်းရေကြောင့်ဖြစ်တာ။ ဒီကနေ့အခြေအနေကတော့ မနေ့ကလောက်မဆိုးတော့ဘူး။ ရေကျတဲ့နေရာကျပြီ။ ဒါပေမဲ့ မိုးကဆက်ရွာနေတုန်းပဲ။ မနေ့ကတော့ နိမ့်တဲ့အိမ်တွေ အပေါ်ရေရောက်တယ်။ မွေးထားတဲ့ ကြက်/၀က်တွေ ပျောက်ကုန်တာရှိတယ်" လို့ ၎င်းက ဆိုပါတယ်။ ရေကြီးမှုကြောင့် လယ်ဧက ခန့်မှန်း ၅၀ နဲ့ ၆၀ ကြား ပျက်စီး ခဲ့ပြီး လယ်ကွင်းတွေအတွက် အသုံးပြုဖို့ အစိုးရကတည်ဆောက်ပေးထားတဲ့ ရေကာတာရေလွှဲဆည်အချို့ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ တောင်ကျရေကြောင့်ပျက်စီးသွားတဲ့ လယ်ဧက စာရင်း နဲ့ ရေကြီးမှုဒဏ်ခံရတဲ့နေရာတွေကို သက်ဆိုင်ရာက စာရင်းလိုက်ကောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေတာတွေရှိတယ်လို့ သိရပါတယ်။ ပူတာအိုမှာ ရေကြီးတယ်ဆိုတာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ လည်းဒေသခံတွေထံကနေသိရပါတယ်။ AF - 178 Photo Crd = PHAYVlog